လူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးရန်အတွက် ရဲအရာရှိထံတွင် ခိုင်လုံသော အကြောင်းပြချက် ရှိရပါမည်။အချို့သော အမှုမျိုးတွင် ဖမ်းဆီးခြင်းမပြုမီ တရားသူကြီးထံမှ ရှာဖွေဝရမ်းဖြစ်စေ၊ ဖမ်းဝရမ်းဖြစ်စေရယူရန်လိုအပ်ပါသည်။ ဖမ်းဆီးခံရသည့်အချိန်မှစ၍ စွပ်စွဲခံရသူတွင် ရှေ့နေဖြင့် ခုခံချေပပိုင်ခွင့်ရှိပါသည်။ဖမ်းဆီးခြင်း နှင့် ရှာဖွေခြင်း အကြောင်းကို ကြည့်ပါ။
ရဲမှ ဖမ်းဆီးသည့်အခါ ဖမ်းဆီးခံရသူကို တရားသူကြီးရှေ့မှောက်သို့ ခေါ်ဆောင်သွားရမည်ဖြစ်ပြီးရမန်ပေးသင့်၊ မသင့် ကြားနာပါမည်။ တရားရုံး၏ခွင့်ပြုချက်မရှိဘဲ စွပ်စွဲခံရသူကို ၂၄နာရီထက်ပိုမိုဖမ်းချုပ်ထားခွင့်မရှိပါ။ အခြေအနေပေါ် မူတည်၍ ရဲမှ အမှုကို ဆက်လက်စုံစမ်းထောက်လှမ်းနိုင်ရန်အတွက် တရားရုံးမှ စွပ်စွဲခံရသူကို ၁၅ ရက်မှ ရက် ၃ဝ အထိဖမ်းဆီးထိန်းသိမ်းထားရန် အမိန့်ချမှတ်နိုင်ပါသည်။ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကြည့်ပါ။
အမှုအများစုတွင် စွပ်စွဲခံရသူသည် ရုံးထိုင်တရားသူကြီးထံသို့ အာမခံဖြင့်လွှတ်ပေးပါရန်လျှောက်ထားနိုင်ပါသည်။
ဥပဒေအရာရှိ (သို့မဟုတ် ၎င်း၏ကြီးကြပ်မှုဖြင့်လိုက်ပါဆောင်ရွက်သော ပုဂ္ဂလိကရှေ့နေ) မှ စွပ်စွဲခံရသူအပေါ်မျက်မြင် သက်သေများ၊ သက်သေခံပစ္စည်းများ တင်ပြစွပ်စွဲပါမည်။ စွပ်စွဲခံရသူတွင် တရားလိုပြသက်သေတစ်ဦးချင်းစီအပေါ် ပြန်လှန်မေးခွန်းထုတ်ခြင်း၊ တင်သွင်းလာသော သက်သေခံပစ္စည်းကိုဆန့်ကျင်ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အသေးစိတ်သိရန် တရားရုံးတွင် အမှုစစ်ဆေးခြင်းကိုကြည့်ပါ။
တရားသူကြီးမှ စွပ်စွဲခံရသူအပေါ် စွဲချက်မတင်မီ နှစ်ဖက်လုံးကို လျှောက်လဲချက်တင်သွင်းစေမည် ဖြစ်သည်။တရားလိုဘက်မှ စွဲချက်တင်သင့်ကြောင်း၊ စွပ်စွဲခံရသူမှ ၎င်းအပေါ်စွဲချက်မတင်သင့်ကြောင်း လျှောက်လဲမည်ဖြစ်ပါသည်။ ထို့နောက် တရားသူကြီးမှ တရားလိုသည် စွပ်စွဲခံရသူအပေါ် စွဲချက်တင်ရန်အတွက်လုံလောက်သော သက်သေခံ အထောက်အထားများ တင်ပြနိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်မည် ဖြစ်ပါသည်။အကယ်၍ တရားသူကြီးမှ စွဲချက်တင်ပါက စွပ်စွဲခံရသူအား ထိုစွပ်စွဲချက်များကို ဝန်ခံမည်လော (သို့မဟုတ်)ငြင်းဆိုမည်လော မေးမြန်းမည် ဖြစ်ပါသည်။
တရားရှင်လွှတ်ခြင်းဆိုသည်မှာ တရားသူကြီးမှ တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက်စွပ်စွဲခံရသူအပေါ် စွဲချက်တင်နိုင်လောက်သည့် သက်သေခံ အထောက်အထားမရှိပါက၊ ၎င်းအနေဖြင့်စွပ်စွဲခံရသူအပေါ် စွဲချက်မတင်ပဲ လွှတ်ပေးနိုင်ပါသည်။ သို့သော် နောက်ပိုင်းကာလများတွင် လုံလောက်သောသက်သေခံ အထောက်အထားများကို တွေ့ရှိလာပါက စွပ်စွဲခံရသူကို ယင်းပြစ်မှုဖြင့် ထပ်မံတရားစွဲဆိုနိုင်ပါသည်။
စွဲချက်တင်ပြီးနောက် တရားသူကြီးမှ စွပ်စွဲခံရသူအား တရားလိုပြသက်သေများကိုပြန်လည်ခေါ်ယူစစ်ဆေးလိုခြင်းရှိ၊ မရှိ ဦးစွာမေးမြန်းမည် ဖြစ်ပါသည်။ ထို့နောက် စွပ်စွဲခံရသူသည် ၎င်းအတွက်ခုခံချေပနိုင်ရန် မျက်မြင်သက်သေများ၊ သက်သေခံ ပစ္စည်းများကို တင်ပြနိုင်ပါသည်။ ၎င်းကိုယ်တိုင်လည်းထွက်ဆိုချက်များ ပေးနိုင်ပါသည်။ အသေးစိတ်ကို တရားရုံးတွင် အမှုစစ်ဆေးခြင်းကို ကြည့်ပါ။
တရားရုံး၌ အမှုစစ်ဆေးစဉ် အပြီးသတ်လျှောက်လဲချက် မတိုင်ခင်အထိ စွပ်စွဲခံရသူသည် ပြင်ဆင်မှု တင်သွင်းခွင့်ရှိသည်။ စွပ်စွဲခံရသူသည် မူလတရားရုံးမှ တရားသူကြီး၏ ဆုံးဖြတ်ချက်တွင် ကျင့်ထုံးဆိုင်ရာ ချမှတ်မှုများ လွဲမှားနေသည်ဟု ထင်ပါက အထက်ရုံးတော် သို့ အဆိုတင်သွင်းနိုင်သည်။ မြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့ ရက် ၃၀ အတွင်း ပြင်ဆင်မှုကို တင်သွင်းရမည်။
တရားသူကြီးမှ အမှုအတွက် အပြီးသတ် ဆုံးဖြတ်ချက်မချခင် တရားလို နှင့် စွပ်စွဲခံရသူ နှစ်ဦးလုံးအားနောက်ဆုံးအနေဖြင့် အပြီးသတ်လျှောက်လဲချက် ပေးစေမည် ဖြစ်ပါသည်။ ထိုအပြီးသတ်လျှောက်လဲချက်ကိုနှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ တင်သွင်းနိုင်ပါသည်။
တရားသေလွှတ်ခြင်းဆိုသည်မှာ တရားလို (သို့) တိုင်ကြားသူ၊ စွပ်စွဲခံရသူ နှင့် ၎င်းတို့မှတင်သွင်းသောမျက်မြင်သက်သေများ၊ သက်သေခံ အထောက်အထားများကို စစ်ဆေးကြားနာပြီးနောက်၊ စွပ်စွဲခံရသူသည်အပြစ်မရှိကြောင်း (သို့မဟုတ်) ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ မရှိသည့်အခါ တရားသူကြီးမှ စွပ်စွဲခံရသူကို တရားသေလွှတ်ပေးနိုင်ပါသည်။ ယင်းသို့တရားလွှတ်ပေးသည့်အခါ စွပ်စွဲခံရသူကို အဆိုပါ ပြစ်မှုဖြင့် ထပ်မံအရေးယူ၍ မရတော့ချေ။
တရားသူကြီးအနေဖြင့် တရားလိုသည် ၎င်းစွပ်စွဲလိုက်သည့် စွပ်စွဲချက် (သို့) ပုဒ်မ၏ပြစ်မှုအင်္ဂါရပ်တိုင်းအပေါ် သက်သေ ထင်ရှားပြနိုင်ခြင်းရှိ၊ မရှိ အပေါ်မူတည်ပြီး စွပ်စွဲခံရသူကိုပြစ်မှုထင်ရှားစီရင်ခြင်း (သို့မဟုတ်) အမှုမှ တရားသေလွှတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ အကယ်၍စွပ်စွဲခံရသူကို ပြစ်မှုထင်ရှားစီရင်လိုက်ပါက တရားသူကြီးမှ သင့်လျော်သော ပြစ်ဒဏ်ကို ဥပဒေနှင့်အညီသတ်မှတ်မည် ဖြစ်ပါသည်။
စွပ်စွဲခံရသူသည် ၎င်းအပေါ်ပြစ်မှုထင်ရှားစီရင်ခြင်းအားလည်းကောင်း၊ ၎င်းအပေါ်ချမှတ်လိုက်သောပြစ်ဒဏ်အားလည်းကောင်း ပြန်လည်သုံးသပ်ပေးပါရန် အထက်အဆင့်မြင့်တရားရုံးသို့ လျှောက်ထားတင်ပြခွင့်ရှိပါသည်။ ထို့အတူ တရားလိုဘက်မှလည်း စွပ်စွဲခံရသူကို တရားသေလွှတ်ပေးသည့်အမိန့် (သို့မဟုတ်)ပြစ်ဒဏ်အား ပြန်လည်သုံးသပ်ပေးပါရန် လျှောက်ထားနိုင်ပါသည်။
ရဲ (သို့မဟုတ်) တပ်မတော်သားများသည် ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးနိုင်သည်။ အမှုအခင်းအများစုတွင် ဖမ်းဆီးခံရသူ များကို စစ်ကြောရေးစခန်းများသို့ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ထိုစစ်ဆေးမှုများသည် ရက်ပေါင်း များစွာမှ ရက်သတ္တပတ်များစွာအထိကြာတတ်သည်။စစ်ဆေးမေးမြန်းနေစဉ်အတွင်းရှေ့နေ(သို့မဟုတ်)မိသားစုဝင် များက ဖမ်းဆီးခံရသူအား တွေ့ဆုံခွင့်မရကြပါ။
ယင်းနောက် ဖမ်းဆီးခံရသူကို FIR (ပထမသတင်းပေးတိုင်ချက်) ကို ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့ထံလွှဲပြောင်း ပေးအပ်သည်။ အမှုအများအပြားတွင် ရဲများက ဖမ်းဆီးခံရသူများကို စုံစမ်းစစ်ဆေးမှုအတွင်း တရားရုံးအမိန့်ဖြင့် ထိန်းသိမ်း ထားသည်။ ဥပဒေအရအာမခံပေးပိုင်ခွင့်ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းစွပ်စွဲခံရသူများကို အာမခံနှင့် အချုပ်လွတ် ထုချေခွင့် ပေးသည်မှာ ရှားပါသည်။
ထို့နောက် ၎င်းတို့အား ထိန်းသိမ်းရန်အတွက် အကျဉ်းထောင်များသို့ပြောင်းရွှေ့ကာ ထောင်တွင်း တရားရုံးများတွင် စစ်ဆေးမှုများ ပြုလုပ်ပါသည်။ ဤအဆင့်တွင် စွပ်စွဲခံရသူသည် ရှေ့နေနှင့် တွေ့ဆုံခွင့် ရပါသည်။
စွပ်စွဲခံရသူသည် သက်သေများကို ပြန်လှန်စစ်မေးခွင့်ရှိသော်လည်း သက်သေအထောက်အထားများ တင်ပြရာတွင် စိန်ခေါ်မှုများ ရှိနေသည်။ စောဒကတက်ရန် (သို့မဟုတ်) ပြန်လှန်စစ်မေးရန် ကြိုးပမ်းဆောင်ရွက်နေသော ရှေ့နေများ အတွက် လုံခြုံကောင်းမွန်သောပတ်ဝန်းကျင်မရှိပါ။ ရှေ့နေများသည်တရားရုံးရှိတရားသူကြီးများ(သို့မဟုတ်) လုံခြုံရေးအရာရှိ များ၏ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကိုခံနေကြရပါသည်။
တင်ပြချက်များ (သို့မဟုတ်) သက်သေအထောက်အထားများ မည်မျှပင်ရှိစေကာမူ၊ အမှုအများစုတွင် စွပ်စွဲခံရသူများကို မဖြစ်မနေစွဲချက် တင်ရမည်ဟူသော ဖိအားသည် တရားသူကြီးများအပေါ်တွင် ရှိနေသည်ဟု ယုံကြည်ရပါသည်။
ရှေ့နေများနှင့် စွပ်စွဲခံရသူများသည် မိသားစုဝင်များကို မျက်မြင်သက်သေအဖြစ် တင်ပြလေ့ရှိပြီး ယင်းသို့ တင်ပြသည့် အခါမှသာ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိနိုင်နိုင်မည်ဖြစ်သည်။ ( ထိုအချိန်မှလွဲ၍အကျဉ်းထောင်များတွင် စွပ်စွဲခံရသူသည် ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံခွင့် မရှိပါ။ )
လက်တွေ့တွင် စွပ်စွဲခံရသူသည် အထက်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းလေ့ မရှိပါ။ လွန်ခဲ့သည့်နှစ် အာဏာသိမ်းပြီးကတည်းက စာချွန်တော် လျှောက်ထားမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ဖြစ်သည်။
အမှုတိုင်းလိုလိုတွင် တရားသူကြီးများသည် အထောက်အထားမခိုင်လုံဘဲ စွပ်စွဲခံရသူအား ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ် အများအပြားချမှတ်လေ့ရှိသည်။
စွပ်စွဲခံရသူအများအပြားသည် စစ်အုပ်ချုပ်ရေးအောက်ရှိ တရားစီရင်ရေးစနစ်ကိုမယုံကြည်သောကြောင့် အယူခံ လုပ်ငန်းစဉ်များကိုလည်း အယုံအကြည်မရှိကြပေ။ ထို့ကြောင့် စွပ်စွဲခံရသူအများအပြားသည် အယူခံလုပ်ငန်းစဉ်ကို လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။
တရားရုံးအမိန့်မရှိဘဲ စစ်အုပ်ချုပ်ရေးအောက်ရှိနယ်မြေများတွင် ဖမ်းဆီးခံရသူများကို ယေဘုယျအားဖြင့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထုတ်ဖော်မပြသော စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းထားလေ့သည်။ တချို့သော ကိစ္စများတွင် စွပ်စွဲခံရသူများကို ရဲစခန်းတွင်ချုပ်ထားကြပါသည်။ ထိန်းသိမ်းခံရသူများကို အကျဉ်းထောင် စနစ်သို့ လွှဲပြောင်းပြီးသည်နှင့် ၎င်းတို့သည် အဆိုပါကိစ္စရပ်များအတွက် မိသားစု (သို့မဟုတ် )ရှေ့နေများနှင့်တွေ့ဆုံခြင်း (သို့မဟုတ်) ဆက်သွယ်ခြင်း မပြုလုပ်နိုင်ပေ။
စစ်ခုံရုံးတွင် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ထောင်ဒဏ်တစ်သက် (သို့မဟုတ်) သေဒဏ်ကျခံရနိုင်သည်။၊
• နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့်သာ သေဒဏ်ချမှတ်နိုင်သည်။
• တိုင်းမှူး၏ခွင့်ပြုချက်ဖြင့်သာ နှစ်အကန့်အသတ်မရှိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်နိုင်သည်။
• သတ်မှတ်ထားသောပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ကိုလည်း ချမှတ်ခံရနိုင်ပါသည်။
စစ်ခုံရုံးများ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ်နှင့်အတည်ဖြစ်သည်။ စစ်ခုံရုံး၏ အမိန့်များကို တရားရုံးများသို့ အယူခံမဝင်နိုင်သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ သို့မဟုတ် စစ်တိုင်းမှူးထံသို့ ပြင်ဆင်မှုတင်သွင်းနိုင်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတိုင်းမှူးသည် အမှုစီရင်ချက်နှင့် ပတ်သက်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ခြင်း၊ နိမ့်သော ပြစ်ဒဏ်အမျိုးအစား ပြောင်းလဲခြင်း များပြုလုပ်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ သည်။ ၎င်းတို့သည် စစ်ခုံရုံး၏ ပြစ်ဒဏ်ကို အတည်ပြုရန် အခွင့်အာဏာကိုလည်းကျင့်သုံးနိုင်သည်။
လျှောက်ထားခြင်း
သေဒဏ်ချမှတ်ကိစ္စတွင်သေဒဏ်ချမှတ်ကိစ္စတွင် အပြီးသတ်စီရင်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်းလျှောက်လွှာတင်ရမည်ဖြစ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံလျှောက်ထားနိုင်သည်။
အခြားပြစ်ဒဏ်များတွင် အပြီးသတ်စီရင်ချက်ချသည့်နေ့မှ ၁၅ ရက်အတွင်းလျှောက်လွှာတင်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ စစ်တိုင်းမှူးထံ တင်သွင်းနိုင်သည်။